သရက်ပင်၏ ပွင့်သီးကြွေကျမှုပြသနာ

HanPhyoAung     16/01/2018 09:50 AM     Content Provider - Greenway
Photo - mango

သရက်ပင်သည် ပန်းပွင့်ချိန်၌ ပွင့်နှုန်းများပြီး အသီးတင်မှုများသော်လည်း အလွန်အမင်းပွင့်သီး ကြွေကျမှုကြောင့် အသီးထွက်နှုန်းလျော့ကျမှုသည်  မြန်မာအပါအဝင် သရက်စိုက်ပျိုးရာနိုင်ငံများတွင် ကြုံတွေ့ရသော ပြသနာတစ်ခုဖြစ်သည်။ သရက်ပင် တစ်ပင်သည် အပင်၏ သက်တမ်းကိုလိုက်၍ ပန်းခိုင်ပေါင်း ၂၀ဝဝ-၅၀ဝဝ အထိ ရှိနိုင်ပြီး ပန်းခိုင် တစ်ခိုင်တည်းမှာပင် မျိုးအလိုက် ပန်းပွင့်ပေါင်း ၁၀ဝဝ-၇၀ဝဝ အထိ ရှိတတ်သည်။ သို့သော်လည်း ပွင့်သောပန်းတိုင်း အကြောင်းအမျိုးမျိုးကြောင့် အသီး မတင်ဖြစ်ကြရသည်။ တင်သောအသီးများအားလုံးလည်း ခူးဆွတ်ချိန်မတိုင်ဘဲ ကြွေကျပျက်စီးကြရသည်။ အထူးသဖြင့် ဝတ်မှုန်ကူးပြီး ပထမ ၃-၄ ပတ်အတွင်း ကြွေကျမှု အများဆုံးဟုဆိုသည်။ သရက်မျိုးအားလုံးတွင် ပွင့်သီးကြွေကျမှု ပြသနာရှိကြသည်။ သရက်ပင်၏ ပွင့်သီးကြွေကျမှုသည် မျိုးရိုးဗီဇ၊ ဇီဝကမ္မဗေဒ၊ စိုက်စနစ်၊ ပြင်ပပတ်ဝန်းကျင် လွှမ်းမိုးမှုတို့ကြောင့်ဖြစ်သော ရှုပ်ထွေးသည်ြ့ဖစ်စဉ် တစ်ရပ်သာဖြစ်၏။

အသီးတင်မှုနှုန်းသည် ပန်းပွင့်သည့်အချိန်၊ အဖိုပွင့်လိင်စုံပွင့်အချိုး (Sex ratio)၊ ဝတ်မှုန်ကူးမှု၊ သားလောင်းကြွေကျ ပျက်စီးမှု (Embryo abortion) စသည်တို့ပေါ် မူတည်ပြီး မျိုးအလိုက် ကွာခြားမှု ရှိတတ်သည်။ သရက်ပန်းပွင့် များသည် ညဘက်နှင့် နံနက်လင်းအားကြီးချိန်တို့တွင် ပွင့်ကြသည်။ ပန်းခိုင်တွင် အဖိုပွင့် (Male flower) နှင့် လိင်စုံပွင့် (Hermaphroditeflower) ဟူ၍ ပါရှိပြီး တခါတရံ အဖိုအမ မဟုတ်သောပန်းပွင့်များ (Neutral flower) လည်း တွေ့ရတတ်သည်။ ပန်းခိုင်၏ အရှည်အလျားသည် လက်မအနည်းငယ်မှ ၂ ပေအထိ ရှိတတ်သည်။ ပန်းခိုင်တစ်ခုတွင် ပန်းပွင့်စုစုပေါင်း အရေအတွက်သည် မျိုးပေါ်မူတည်ပြီး ၁၀ဝဝ-၆၀ဝဝ အထိ ရှိတတ်သည်။ ပန်းပွင့်များ၏ ၂၅-၉၈% သည် မျိုးနှင့် ၎င်းတို့ကြီးထွား ဖွံ့ဖြိုးချိန်ရှိ အပူချိန်တို့ပေါ် မူတည်ပြီး အဖိုပွင့်များ ဖြစ်တတ်သည်။ လိင်စုံပန်းပွင့်များသည် ဝတ်မှုန်ကူးသန္ဓေအောင်ပြီး အသီးတင်ကြသည်။ ထို့ကြောင့် ပန်းခိုင် တစ်ခုတွင် ပထမဦးဆုံးအသီးတင်မှုသည် ၎င်းပန်းခိုင်တွင် ပါဝင်သောလိင်စုံပွင့် အရေအတွက်ပေါ်  များစွာတည်မီ နေပေသည်။ ပန်းခိုင်တစ်ခိုင်တွင် ပါရှိသော လိင်စုံပွင့်၏ ရာခိုင်နှုန်းသည်လည်း ပန်းခိုင်၏ စောစောထွက်မှု၊ နောက်ကျထွက်မှုတို့နှင့် မျိုးပေါ်မူတည်၍ ကွဲပြားမှုများရှိနိုင်သည်။ သုတေသနတွေ့ရှိချက်တစ်ခုအရ မျိုးအလိုက် ၂ - ၇၀ % အထိရှိသည်ဟု ဆိုသည်။ စောစောပိုင်းပန်းခိုင်များသည် အလယ်နှင့် နောက်ပိုင်းထွက် ပန်းခိုင်များထက် လိင်စုံပွင့်ရာခိုင်နှုန်း ပိုများနိုင်သည်ဟုလည်း ဆိုကြသည်။ ပန်းခိုင်၏ ထိပ်ဖျားပိုင်းတွင် လိင်စုံပွင့် အရေအတွက်အနည်းဆုံးဖြစ်သော်လည်း ရာခိုင်နှုန်းအနေဖြင့် အများဆုံးဖြစ်ကြောင်း တွေ့ရသည်။ စောစောပိုင်းထွက်သော ပန်းခိုင်များသည် လိင်စုံပွင့်ရာခိုင်နှုန်း ပိုများသော်လည်း အသီးတင်မှုတွင် ရာသီအလယ်နှင့် ရာသီနောက်ပိုင်းထွက်သော ပန်းခိုင်များထက် ပို၍ နည်းတတ်သည်။ ပန်းပွင့်ရာသီ နောက်ကျမှထွက်သော ပန်းခိုင်များနှင့် အရိပ်ကျပိုင်းရှိ ပန်းခိုင်များသည် လိင်စုံပွင့်များပို၍ များတတ်သည်။ ထို့ကြောင့် အပင်တစ်ပင်တွင် အပင်၏ အတွင်းပိုင်းသည် အပြင်ဘက်ထက် ပို၍ လိင်စုံပွင့် များနေတတ်ပေသည်။အဖိုပွင့်၊ လိင်စုံပွင့် ပါဝင်မှုအချိုးသည် စိုက်ပျိုးသော ဒေသရှိ ရာသီဥတုအပေါ်တွင်လည်း များစွာတည်မှီနေပေသည်။

သရက်ပင်သည် အသီးတင်ရန် ဝတ်မှုန်ကူးမှု လိုအပ်သောအပင် (Cross-pollinated plant) ဖြစ်သည်။ သရက်အသီးတင်မှုတွင် ဝတ်မှုန်ထုတ်လုပ်မှုနှင့် ဝတ်မှုန်ကူးမှုသည် အရေးပါဆုံး အချက်တစ်ချက်ဟု ယူဆကြသည်။ သုတေသနတွေ့ရှိချက်တစ်ခုအရ လိင်စုံပွင့်စုစုပေါင်း၏ ၃-၃၅% သာ ဝတ်မှုန်ကူးကြောင်း သိရသည်။ ဝတ်မှုန်ကူး အင်းဆက်များ အလုပ်မလုပ်နိုင်အောင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာခြင်းတို့ဖြစ်ပေါ်က ထိုထက်ပင် နည်းသွားနိုင်ပေသည်။ သရက်ပွင့်ချိန် ဆောင်းရာသီမုန်တိုင်းများနှင့် တွေ့ကြုံရလျှင်လည်း သရက်အသီးတင်နှုန်း သိသိသာသာ နည်းသွားနိုင်ပေသည်။ ဝတ်မှုန်မကူးဘဲ ကြွေသွားခြင်း၊ ဝတ်မှုန်ကူးအသီးတင်ပြီးနောက် အာဟာရ မလုံလောက်၍ ကြွေသွားခြင်း၊ အသီးကြီးလာပြီးနောက် လေဒဏ်မိုးဒဏ်ကြောင့် ကြွေသွားခြင်းတို့ကြောင့် လိင်စုံပွင့်တို့၏ ဝ.၁ % လောက်သာ အသီးမှည့်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း လေ့လာတွေ့ရှိကြသည်။

သရက်ပင်၏ လိင်စုံပွင့်များကြွေကျမှုနှင့် အသီးကင်းများကြွေကျမှုသည် ၉၉% ထက် မနည်းရှိပြီး လိင်စုံပွင့်အရေအတွက်၏ ဝ.၁ % သာ ယေဘုယျအားဖြင့် အသီးတင်နိုင်သည်ဟု တွေ့ရသည်။            

သရက်တွင် များသောအားဖြင့် အသီး (၂) ကြိမ် ကြွေလေ့ရှိသည်။ ပထမ ဝတ်မှုန်ကူးသည်မှ ၂၁ ရက်အတွင်း အပွင့်များနှင့် သီးကင်းများကြွေလေ့ရှိပြီး ဒုတိယ ဝတ်မှုန်ကူးပြီး ၂၈-၃၅ ရက်နောက်ပိုင်း ကြီးထွားဖွံ့ဖြိုးဆဲအသီးများ ကြွေလေ့ရှိသည်။ တစ်ချို့သုတေသီများက သရက်အသီးကြီးထွားဖွံ့ဖြိုးချိန်အတွင်း ကြွေကျမှုကို သုံးကြိမ်သတ်မှတ် ဖော်ပြသည်ကို တွေ့ရသည်။ ပထမ အသီးသက် ၂ လသားအတွင်း ကြွေကျမှုကို Post-setting drop အဖြစ် သတ်မှတ်သည်။ ဒုတိယ အသီးသက် ၆၀-၇၅ ရက်အတွင်း ကြွေကျမှုကို Mid-seasondrop အဖြစ် သတ်မှတ်ပြီး တတိယ အသီးများ မရင့်မှည့်မီအချိန်နားတွင် ကြွေကျမှုကို Pre-harvestdrop အဖြစ် သတ်မှတ်သည်။ အသီးသန္ဓေအောင်ပြီးနောက် ကြွေကျမှုသည် သားလောင်း (Embryo) ဖွံ့ဖြိုးရန် အာဟာရဓာတ် ချို့တဲ့မှုကြောင့် ဖြစ်သည်ဟု ဖော်ပြကြသည်။ ကနဦးတွင် သားလောင်းပျက်စီးမှုကြောင့် ကြွေကျမှုသည် ပန်းပွင့်များ ပင်တည်းဝတ်မှုန်ကူး (Self-pollinated)လျှင်လည်း ဖြစ်တတ်သည်ဟု ဆိုသည်။ အပူချိန်မြင့်လွန်း/ နိမ့်လွန်းခြင်းနှင့် လေပြင်းများတိုက်ခတ်ခြင်းသည် ဝတ်မှုန်ကူးမှုနှင့် အသီးတင်မှုတို့ကို ဆိုးဆိုးရွားရွားထိခိုက်စေသည်။ ယေဘုယျအားဖြင့် ပန်းပွင့်ချိန်အတွင်း အပူချိန်နိမ့်မှုသည် ပန်းပွင့်များ၏ အဖိုအင်္ဂါ၊ အမအင်္ဂါတို့ ဖွံ့ဖြိုး ကြီးထွားမှု၊ ဝတ်မှုန်ကူးမှုနှင့် သန္ဓေအောင်မှုတို့ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်သည်။ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ် အောက်လျော့နည်းလျှင် ဝတ်မှုန်ရှင်သန်မှု (Pollen viability) ကို ထိခိုက်စေပြီး အသီးကင်းများကို ပျက်စီးစေသည်။ ပန်းခိုင်ကြီးထွားဖွံ့ဖြိုးချိန်အတွင်း အပူချိန် နိမ့်လျှင်လည်း အဖိုပွင့်ရာခိုင်နှုန်း များတတ်သည်။

သရက်ပွင့်သီးကြွေကြခြင်း၏ အဓိကအကြောင်းရင်းများကို သုတေသီအများစု သုံးသပ်ကြသည်မှာ 

  • ဝတ်မှုန်ကူးမှုမရှိခြင်း (lack of pollination)
  • ဝတ်မှုန်ခံမှ ဝတ်မှုန်လက်ခံမှုနည်းခြင်း (low stigmaticreceptivity)
  • လိင်စုံပွင့်အင်္ဂါချို့ယွင်းနေခြင်း (defectiveperfect flowers)
  • ဝတ်မှုန်ကူးမှုညံ့ခြင်း (poor pollen transference)
  • မျိုးပွားဆဲလ် (gamete) ၏ သန္ဓေအောင်သားလောင်း (viableembryo) ထုတ်လုပ်နိုင်စွမ်းမရှိခြင်း/ ဝတ်မှုန်ပေါက်ပွားမှုညံ့ခြင်း
  • ဝတ်မှုန်အိတ်ပေါက်ကွဲချိန် (anthesis) အတွင်း ရာသီဥတုဆိုးရွားခြင်း
  • သီးကင်းဝင်ချိန်တွင် ရာသီပူပြင်းခြောက်သွေ့ခြင်းနှင့် အပင်အား ရေပေးသွင်းမှု ပျက်ကွက်ခြင်း
  • အသီးကြီးထွားဖွံ့ဖြိုးချိန်အတွင်း မိုးသည်းထန်းစွာရွာခြင်းနှင့် လေပြင်းမုန်တိုင်းကျခြင်း
  • ဖားဥမှို (powdery mildew) နှင့် မှဲ့ပျောက်စွန်း (anthranose) ရောဂါတို့ ဆိုးဆိုးဝါးဝါးကျရောက်ခြင်းနှင့်
  • ဖြုတ်ပိုး (hopper) နှင့် ပိုးစေးနှဲ (mealy bug) တို့ ကျရောက်ခြင်းတို့ကြောင့် ဖြစ်သည်။

 

ထို့ပြင် ပွင့်သီးကြွေကျရခြင်းမှာ အာဟာရဓာတ်များချို့တဲ့ခြင်းနှင့် အပင်တွင်းဟော်မုန်းများ မညီမျှခြင်း တို့ကြောင့်လည်း ဖြစ်ကြောင်းတွေ့ရသည်။

သရက်ပင်၏ ပွင့်သီးကြွေကျမှုအား တားဆီးကာကွယ်ရန် ထိရောက်သောနည်းလမ်းများမရှိသေးဟု သုတေသီ အများစုက ဆိုကြသည်။ ပိုးမွှားရောဂါကြောင့်ကြွေလျှင် ပိုးသတ်ဆေးမှိုသတ်ဆေးများ ပက်ဖျန်း၍ ကာကွယ်တားဆီးရန် ဖြစ်ပေသည်။ သရက်၏ သဘာဝအလျှောက် ပွင့်သီးကြွေကျမှုကို တားဆီးခြင်းသည် အပင်အား နှစ်ခြားသီးပွင့်ခြင်း အလေ့အထကို ပို၍ ဖြစ်စေနိုင်ကြောင်း တွေ့ရသည်။

အသီးတင်ပြီးနောက် ကိုင်းများအား အခေါက်ခွာ/ရစ် (Girdling) ပေးခြင်းဖြင့် အသီးကြွေကျမှုလျော့နည်း သွားကြောင်းကိုသုတေသီတစ်ဦးက စမ်းသပ်တွေ့ရှိခဲ့သည်။

တချို့က သရက်၏ ပွင့်သီးကြွေကျမှုပြသနာအား အပင်ကြီးထွားမှု ထိန်းညှိဆေးများ (Growthregulators)  အသုံးပြု၍ တားဆီးကာကွယ်ဖြေရှင်းရန် သုတေသနပြု ဆောင်ရွက်ခဲ့ကြသည်။ NAA နှင့် 2,4,5-T  တို့ထက် 2,4-D က ပို၍ ပွင့်သီးကြွေမှုအား တားဆီးနိုင်ကြောင်း တွေ့ခဲ့သည်။ ယေဘုယျအားဖြင့် 2,4-D (20 ppm) ထက်လျော့၍ အသုံးပြုလျှင် ပိုကောင်းပြီး ထိုထက်ပြင်းအား ပိုသွားလျှင် အစေ့နှင့် အသီးကြီးထွားမှုကို တုန့်နှေးသွားကြောင်း တွေ့ခဲ့ကြသည်။ 2,4-D (20 ppm) အား အသီးတင်ပြီးနောက် ၆ ပတ်ခန့်တွင် ဖျန်းသောအခါ ၃၀-၅၀ % အထိ အသီးတင်မှုကောင်းလာကြောင်း တွေ့ခဲ့ကြသည်။

အိန္ဒိယနိုင်ငံမှ သုတေသီများ၏ တွေ့ရှိချက်မှာ ဇင့်ဆာလဖိတ် (ZnSO4) ဝ.၂-ဝ.၈% ဖျန်းပေးခြင်းဖြင့် တခိုင်ပါ လိင်စုံပွင့်အရေအတွက်နှင့် အထွက်နှုန်းတိုးလာကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ ထို့အပြင် ယူရီးယား (Urea 4-6%) နှင့် ရေတစ်လီတာတွင် NAA ၃၀-၄၀ မီလီဂရမ်နှုန်း ရော၍ ဖျန်းပေးခြင်းနှင့် ယူရီးယား (Urea 6%) + ပိုတက်စီယမ်နိုက်ထရိတ် (KNO3 1.5-3%)+ ရေတစ်လီတာတွင် NAA ၄၀၀ မီလီဂရမ် ရော၍ ဖျန်းပေးခြင်းတို့သည် အသီးတင်မှု ပိုကောင်းကြောင်း တွေ့ခဲ့ကြသည်။

သရက်ပင်၏ ပွင့်သီးကြွေကျခြင်းပြဿနာအား တားဆီးကာကွယ်ဖြေရှင်းရန် အခြားသုတေသီများ ဖော်ပြအကြံပြုကြသည်မှာ

  • အသီးကြီးထွားဖွံ့ဖြိုးမှု စောစောပိုင်းအဆင့်တွင် ယူရီးယား (Urea) ၂ % ဖျော်၍ ဖျန်းခြင်း
  • ပန်းဖူးဝင်ချိန်တွင် NAA 200 ppm ဖျော်၍ ဖျန်းခြင်း
  • Paclobutrazol နှင့် KNO3 တို့ ပက်ဖျန်းပေးခြင်း
  • အသီးပဲစေ့အရွယ်လောက်တွင် NAA 200ppm ဖျန်းပေးခြင်း
  • အသီးကြီးထွားချိန်အတွင်း ပုံမှန်ရေသွင်းပေးခြင်း
  • လိုအပ်သော သွင်းအားစုများ (အနည်းလိုနှင့် အများလိုအာဟာရဓာတ်များ) ထည့်သွင်း ကျွေးပေးခြင်းနှင့်
  • ပိုးမွှားရောဂါတို့အား အချိန်မီ ထိထိရောက်ရောက် ကာကွယ်ပေးခြင်းတို့ဖြစ်ကြောင်း တွေ့ရပါသည်။      ။

 

ဟန်ဖြိုးအောင်(ဥယျာဉ်ခြံ)

၃-၈-၂၀ဝ၉ (ည ၈းဝ၀ နာရီ)

 

ကျမ်းကိုး

- Mango Growing (AGFACTS) (JF Dirou)

- Mango (R. N. Singh)

- The Mango: Its Botany and Production (Ramon V.Valmayor)

- Fruits: Tropical and Subtropical (T K Bose and SK Mitra (eds.))

- Fruit Drop in Mango (Horticulture Reviews,Vol:31)



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆောင်ပုဒ်  

"နိုင်ငံတစ်ဝှမ်း စိမ်းလန်းဖို့ သစ်ပင်စိုက်ပျိုးစို့"